Monday, December 16, 2013

သင်ဘယ်စရိုက်လဲ သိချင်လား



စရိုက်( ၆) ပါး

၁။ရာဂစရိုက် -    ၀တ္ထုကာမ၊ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်၊
၂။ဒေါသစရိုက်-   အာဃာတ၊ဣဿာ၊မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်၊
၃။မောဟစရိုက်-  ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်၊
၎။သဒ္ဓါစရိုက်-     ယုံကြည်လွယ်လေ့ရှိသောအကျင့်၊
၅။ဝိတက်စရိုက်-  စိတ်ကူးယဉ်တတ်သောအကျင့်၊
၆။ပညာစရိုက်      အရာအရာ၌ အကြောင်းအကျိုးအကောင်းအဆိုးတို့ကိုဆင်ခြင်တတ်သောအကျင့် ဟူ၍ စရိုက်အပြား ၆-ပါးရှိပါသည်။


စရိုက် (၆) ပါးနှင့် သင့်လျော်သောကမ္မဋ္ဌာန်း

၁။       The greedy nature person ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါးသောကမ္မဋ္ဌာန်းတို့နှင့် သင့်လျောင်ပေသည်။)
၂။       The angry nature person ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဟူသော အပ္ပမညာ ၄-ပါး၊ နီလ၊ပီတ၊လောဟိတ၊သြဒါတ ဟုဆိုအပ်သောဝဏ်ဏကသိုင်း ၄-ပါး၊ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။
၎။       The deluded nature person and pondering nature person  မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ထွက်လေ၀င်လေကို နှာသီးဖျား၌ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။
၅။       The faithful nature person သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ၊ဓမ္မာနုဿတိ၊သံဃာနုဿတိ၊သီလာနုဿတိ၊စာဂါနုဿတိ၊ဒေ၀တာနုဿတိ ဤ ၆-ပါးသောကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။)
၆။       The intelligent nature person ပညာစရိုက်ရှိသောသူသည် မရဏာနဿတိ၊ဥပသမာနုဿတိ၊(နိဗ္ဗာန်ကို အာရုံပြုခြင်း) စတုဓာတု၀၀တ္ထာန် 
 
 ရာဂနှင့်သဒ္ဓါစရိုက်ရှိသောသူသည် ပကတိ သွားမြဲသွားသည်ရှိသော် ယဉ်ယဉ်ကျေးကျေး တင့်တင့်တယ်တယ်ရှိသည်၊ ဖြည်းဖြည်းသာခြေကို ချသည်၊ညီညီကြွသည်၊လုပ်မူကိုင်မူတို့၌ ယဉ်ကျေးသေသပ်သည်၊အချို့အဆိမ့်စားသောက်ဖွယ်တို့နှင့်အမွှေးအကြိုင်တို့ကိုကြိုက်နှစ်သက်တတ်သည်။ ထိုနှစ်ခု၏ထူးခြားချက်ကာ- ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ပရိယာယ်မာယာ အလိမ်အကောက်များသည်၊မာနကြီးသည်၊ လိုချင်လောဘများသည်။

သဒ္ဓါစရိုက်ရှိသောသူသည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိသည်၊ ဘုရားကိုပူဇော်ခြင်း၊တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ၀ပ်တွားဆည်းကပ်ခြင်းအလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။

ဒေါသနှင့် ပညာစရိုက်ရှိသောသူသည် အသွားအလာ၊အနေအထိုင်၊အပြောအဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိသည်၊လုပ်မူ၊ကိုင်မူတို့၌ယဉ်ကျေးသေသပ်ခြင်းမရှိလှ၊အချဉ်၊အငန်၊အစပ်၊အခါး၊စူးရှသော အစာအာဟာရကို ကြိုက်နှစ်သက်တတ်သည်၊မကောင်းသော အဆင်း၊အသံစသည်နှင့် တွေ့ကြုံသောအခါ သည်းခံချုပ်တည်းခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်းစိတ်တိုလွယ်သည်။ သူတို့နှစ်ဦး၏ထူးခြားချက်ကာ-ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့ မူ၊ငြူစူမူ၊သူတပါးဂုဏ်ကို ဖျက်ဆီးလိုမူ၊ဂုဏ်တုဂုဏ်ပြိုင်ပြုလိုမူ၊အဆုံးအမခက်ခဲမူတို့ဖြစ်လေ့ရှိသည်။
ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက်လေ့ရှိသည်။ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်။ မောဟနှင့်ဝိတက်စရိုက်ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ်သွားလေ့ရှိသည်၊ ကြောက်ရွံ့ လျက်ခြေကို ချသည်၊ကြွသည်၊မေ့မေ့လျော့လျော့ရှိသည်၊လုပ်ငန်းကိစ္စရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်၊ စားသောက်မူ၌လည်း အဘယ်အစာကိုကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ၊မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက်ဆိုလောက်အောင် ပြီးမြောက်သည်ဟူ၍မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်အရပ်ကိစ္စမှာ သူတကာ၏နောက်လိုက်သာဖြစ်ရသည်၊ သူများချီးမွမ်းသည်ကို နောက်က လိုက်၍ချီးမွမ်းတတ်သည်၊ သူများကဲ့ရဲ့သည်ကိုလည်း နောက်ကလိုက်၍ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက်ထိုင်းမှိုင်းခြင်း၊ပျံ့လွင့်ခြင်းတို့နှင်သာ အချိန်ကိုကုန်လွန်စေသည်။ ထိုစရိုက် နှစ်ပါးသည် ထူးမခြားနားဖြစ်၍ုထိုထိုအမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောဘဲမျော၍သာနေတတ်သည်။လူပေါ်ကျော့၊လူလေ၊လူလွင့်တို့နှင့် ပျော်မွေ့ကာ အကြံများလျက်အလကားလူပိုတွေသာဖြစ်တတ်သည်။
ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။ ဒေါသစရိုက်ရှိသောသူသည် နှလုံးသွေးညိုသည်။ မောဟစရိုက်ရှိသောသူသည် အမဲသားဆေးသော ရေလောက်သာနှလုံးသွေးရောင်ဖျော့သည်။ သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။ပညာစရိုက်ရှိသောသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့နှလုံးသွေးပြိုးပြိုးပြက်ရှိသည် ဖြူသည်။ဝိတက်စရိုက်ရှိသောသူသည် ပဲပြုတ်ရေ အဆင်းကဲ့သို့ နှလုံးသွေးရောင်ရှိသည်။ ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်းမကင်းပေ၊ ရှေးဘ၀က ကုသိုလ်ကောင်းမူပြုလုပ်သောအခါ လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင်လောဘစရိုက်ရှိတတ်သည်၊ ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်တတ်သည် စသည့်ဖြင့်မှတ်ပါလေ။
ကဲ စာဖတ်သူရေ တင်ပြခဲ့တဲ့အချင်းအရာတွေက မိမိနှင့်အကုန်မတိုက်ဆိုင်ရင်တောင် မိမိကိုယ်ကိုတော့ ဘာစရိုက်တွေအားကြီးနေတယ်ဆိုတာ သိကြပါလိမ့်မယ်။ မိမိကိုယ်ကို သိပြီးတာနဲ့အမျှ မိမိက ရာဂစရိုက်အားကြီးနေတယ်ဆိုလျင် ရာဂအားမကြီးအောင် မြတ်ဗုဒ္ဓချပေးခဲ့တဲ့နည်းလမ်းအတိုင်းလေး ကျင့်သုံးသွားဖို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က လူ့ဘ၀ကို ပိုင်ဆိုင်ထားတာဆိုတော့ ပြုပြင်လို့ရတဲ့ အချိန်အခါကောင်းမှာ ပြုပြင်ပြောင်းလဲပြီးနေသွားဖို့ရယ်၊ ပြုပြင်ပြောင်းလဲပြီးနေသွားတာနဲ့အမျှ သံသရာထဲမှာကျင်လည်ရဦးမယ်ဆိုရင် ကောင်းသောစရိုက်တွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။ နောက်တစ်ခုက မိမိမှာ ဘာစရိုက်ရှိတယ်ဆိုတာကိုသိရင် ဘာကမ္မဋ္ဌာန်းကိုအားထုတ်ရမယ်ဆိုတာကိုလဲ သိသွားပြီးလေ၊ သို့ဖြစ်၍ ကမ္မဋ္ဌာန်းအားထုတ်လိုသူတို့သည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း ၄၀-တို့တွင်မိမိတို့၏စရိုက်နှင့် သင့်၊မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သောကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်....
(ယခုတင်ပြခဲ့သောဆောင်းပါးလေးကို ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ကိုအခြေခံပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ )

လပြည့်ဝန်း(သာစည်)

No comments:

Post a Comment